Battery ခံတဲ့ Laptop တစ်လုံးကို ဘယ်လိုရွေးချယ်ရမလဲ

Battery ခံတဲ့ Laptop တစ်လုံးကို ဘယ်လိုရွေးချယ်ရမလဲ

Laptop Battery ရွေးချယ်နည်း – 3-Cell, 4-Cell နဲ့ Watt-Hour (Wh) ဘာတွေကွာလဲ?
Laptop တွေဝယ်တဲ့အခါမှာ Battery တွေကိုကြည့်လိုက်ရင် 2-Cell, 3-Cell တို့ 4-Cell တို့ စသည်ဖြင့် တွေ့ရပါလိမ့်မယ်။

ဒါ့အပြင် Cell ပိုများလေ Battery ပိုခံလေဆိုပြီး ပြောတဲ့သူတွေလည်း ရှိကြပါတယ်။ ဒါကရော အမှန်ပဲလား။ Battery တကယ်ခံတဲ့ Laptop တစ်လုံးကို ဘယ်လိုရွေးချယ်ရမလဲဆိုတာကို ဒီ Article လေးမှာ ရှင်းပြပေးမှာပဲ ဖြစ်ပါတယ်။

▶️ Laptop Battery တွေကို ဘယ်လိုတည်ဆောက်ထားလဲ
ဟိုးတုန်းက Laptop Battery အဟောင်းတွေကို 18650 Li-ion Battery အလုံးတွေနဲ့ တည်ဆောက်ခဲ့ကြပါတယ်။ 18650 Li-ion Battery ၆ လုံး ဒါမှမဟုတ် ၈ လုံးလောက်ထည့်ပြီး တည်ဆောက်ခဲ့ရတာဖြစ်တဲ့အတွက် Laptop မော်ဒယ်အဟောင်းတွေဟာ တော်တော်ထူခဲ့ရတာပါ။

အရင်ခေတ် laptop တွေမှာ အခု post ရဲ့ ပုံထဲကလို ခပ်ထူထူ battery အတုံးတွေကို ဖြုတ်တပ်/လဲ လို့ရတဲ့ပုံစံ မြင်တွေ့ဖူးကြပါလိမ့်မယ်။

Laptop Battery တွေကို ဘယ်လိုတည်ဆောက်ထားလဲ

ခုခေတ်မှာတော့ Battery နည်းပညာတွေ တိုးတက်လာတာနဲ့အတူ Laptop Battery တွေဟာလည်း ကျွန်တော်တို့လက်ထဲက ဖုန်းတွေလိုပဲ ခပ်ပါးပါး Lithium-Polymer (Li-Po) သို့မဟုတ် Li-ion Battery တွေနဲ့ တည်ဆောက်လာကြပါပြီ။

ဒါကြောင့် ခုနောက်ပိုင်း laptop တွေမှာ ပါးလွှာမှု၊ ပေါ့ပါးမှုတွေကိုလဲ ဦးစားပေးလာတော့ ဒီလို battery ပါးပါးလေးတွေကိုပဲ laptop အတွင်းဘက် (နောက်ဖုံးထဲမှာ) ထည့်သွင်းတည်ဆောက်လာကြပါတယ်။ ဟိုးတုန်းကလို နောက်ဖုံးမဖွင့်ပဲ အလွယ်ဖြုတ်လဲလို့ရတဲ့ ထူထူလေးလေး battery အတုံးကြီးတွေ မဟုတ်တော့ပါဘူး။

▶️ 3-Cell တို့ 4-Cell တို့ဆိုတာ ဘာတွေလဲ
Laptop Battery တွေမှာ ရေးထားကြတဲ့ 3-Cell တို့ 4-Cell တို့ဆိုတာဟာ Li-ion Cell ဘယ်နှလုံးကို Series (တန်းဆက်) ချိတ်ဆက်ထားသလဲ ဆိုတာကို အဓိကရည်ညွှန်းပါတယ်။ Li-ion Battery Cell တစ်လုံးရဲ့ ပုံမှန် ဗို့အား (Nominal Voltage) ဟာ 3.7V ရှိတဲ့အတွက် 3-Cell (3-Series) ဆိုရင် 11.1V နဲ့ 4-Cell (4-Series) ဆိုရင် 14.8V ရှိမှာဖြစ်ပါတယ်။

ပါဝါစားသက်သာတဲ့ Office Laptop တွေမှာ 2-Cell ဒါမှမဟုတ် 3-Cell Battery တွေကို မြင်တွေ့ရလေ့ရှိပြီး၊ ပါဝါစားများတဲ့ (စွမ်းဆောင်ရည်မြင့်) Gaming Laptop တွေမှာတော့ လိုအပ်တဲ့ ဗို့အား (Voltage) ပိုများတာကြောင့် 4-Cell နဲ့အထက် Battery တွေ တပ်ဆင်လေ့ရှိတာကို တွေ့ရပါတယ်။

▶️ Cell ပိုများရင် Battery ပိုခံတာလား
ဒီမေးခွန်းအတွက် တိုက်ရိုက်အဖြေကိုပေးရရင်တော့ Cell ပိုများတိုင်း Battery ပိုခံတာ မဟုတ်ပါဘူး။

Battery ပမာဏကို Cell အရေအတွက်နဲ့ တိုင်းတာလို့ မရပါဘူး။ ဥပမာ- 3-Cell 42Wh Battery ပါတဲ့ Laptop နဲ့ 4-Cell 42Wh Battery ပါတဲ့ Laptop နှစ်လုံးမှာ၊ Battery Cell အရေအတွက်ကလွဲလို့ ကျန်တဲ့ Specs တွေ (CPU, Display စသဖြင့်) အကုန်တူမယ်ဆိုရင် Battery Life လည်း အတူတူပဲ ခံမှာဖြစ်ပါတယ်။

▶️ Battery Capacity ပိုများတာကို ဘယ်လိုရွေးရမလဲ
Laptop တစ်လုံးမှာ ပါဝင်တဲ့ Battery Capacity (စွမ်းအင် သိုလှောင်နိုင်မှု) ကို Watt-Hour (Wh) နဲ့တိုင်းတာပါတယ်။ Wh ကိန်းဂဏန်းဟာ Battery တစ်လုံးရဲ့ စွမ်းအင် သိုလှောင်နိုင်မှု စုစုပေါင်းပမာဏကို အတိကျဆုံး ဖော်ပြတဲ့ ကိန်းဂဏန်း ဖြစ်ပါတယ်။

ပုံမှန် Office Laptop တစ်လုံးမှာ 40Wh လောက်ကနေ အများဆုံး 60Wh ဝန်းကျင်ထိ ပါနိုင်ပါတယ်။

Gaming Laptop တွေမှာတော့ 56Wh ကနေ အများဆုံး 99Wh (လေယာဉ်ပေါ် သယ်ခွင့်ပြုတဲ့ အများဆုံးပမာဏ) အထိ ပါနိုင်ပါတယ်။

ဒါပေမဲ့ သိထားရမှာက Battery Capacity (Wh) များ = Battery Life ပိုကောင်းဆိုပြီး တိုက်ရိုက်ညီမျှခြင်း ချလို့မရပါဘူး။

ဘာလို့လဲဆိုတော့ ကိုယ်က Battery Capacity များတဲ့ Laptop တစ်လုံးကို ရွေးချယ်ထားတယ်ဆိုပေမဲ့ Battery ဘယ်လောက်ခံလဲဆိုတာဟာ ပါဝင်တဲ့ Battery Capacity (Wh) ကပဲ အရေးကြီးတာမဟုတ်ပါဘူး။ ဒီ Battery ထဲကနေ ပါဝါကို ပြန်ထုတ်သုံးမဲ့ CPU, GPU, Display အစရှိတာတွေက ဘယ်လောက်ထိ စွမ်းအင်သုံးစွဲလဲ (ပါဝါစားလဲ) ဆိုတာကလည်း အဓိကနေရာမှာ ပါဝင်နေပါတယ်။

အမြင်သာဆုံးဥပမာပေးရရင် Gaming Laptop တွေဟာ Office Laptop တွေထက် ပိုကြီးတဲ့ Battery (Wh များတဲ့) တွေ ပါပေမဲ့ Battery မခံတာဟာ၊ စွမ်းအင်သုံးစွဲမှု အလွန်များတဲ့ CPU တွေ GPU တွေ ပါဝင်နေလို့ပါပဲ။

▶️ Battery ခံတဲ့ Laptop ကို ဘယ်လိုရွေးရမလဲ
တကယ် Battery ခံတဲ့ Laptop တစ်လုံးလိုချင်ရင် အချက်နှစ်ချက် ပေါင်းစပ်စဉ်းစားရပါမယ်။

၁။ Battery Capacity (Wh) များတာ။
၂။ စွမ်းအင်သုံးစွဲမှုနည်းတဲ့ (Efficient) Specs တွေ (CPU, GPU, Display) ပါတာ။

Battery Capacity များဖို့ကတော့ အပေါ်မှာ ရှင်းပြခဲ့သလို Cell နည်းတာ များတာထက် Wh ကိန်းဂဏန်း များတဲ့ Battery ကို ရွေးချယ်ရုံပါပဲ။

စွမ်းအင်သုံးစွဲတာနည်းတဲ့ Specs တွေကို ရွေးချယ်တဲ့နည်းကတော့ ရှုပ်ထွေးနိုင်ပါတယ်။ ဒါပေမဲ့ အလွယ်ဆုံး မှတ်ထားလို့ရတာက CPU Series တွေပါ။ Intel မှာဆိုရင် U Series CPU တွေဟာ H ဒါမှမဟုတ် HS Series CPU တွေထက် စွမ်းအင်သုံးစွဲတာ အများကြီး ပိုနည်းပါတယ်။ (ဥပမာ- Core i5-1335U vs Core i5-13500H)။

▶️ အချုပ်အားဖြင့် ပြန်ပြောရရင်
Battery ပိုခံဖို့အတွက် 3-Cell, 4-Cell ဆိုတဲ့ ကိန်းဂဏန်းက အရေးမကြီးပါဘူး။

Watt-Hour (Wh) ကိန်းဂဏန်းများမှသာ Battery Capacity ပိုများတာပါ။

ဒါကြောင့် Laptop ဝယ်တဲ့အခါ Spec Sheet မှာ Battery: 3-Cell ဆိုတာကို အဓိကမကြည့်ဘဲ၊ Battery Capacity: 50Wh (ဥပမာ) ဆိုပြီးရေးထားတဲ့ Wh ကိန်းဂဏန်းကိုသာ အဓိကရှာဖတ်ပြီး နှိုင်းယှဉ်ရွေးချယ်သင့်ပါတယ်။

တကယ့်လက်တွေ့ Battery Life ကောင်းဖို့ကတော့ Better Battery Life = Bigger Battery (Wh) + Efficient Specs (U-Series CPU) ဆိုတဲ့ ညီမျှခြင်းကို မှတ်ထားရပါမယ်။

ဒီလောက်ဆိုရင်တော့ အရင်က ရှုပ်နေတဲ့ 3-Cell တွေ 4-Cell တွေ Battery Wh တွေအကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်သွားမယ်လို့ မျှော်လင့်ပါတယ်။

👁️ ဖတ်ရှုပြီးမှုကြိမ်ရေ: ၆၇

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *