
ဒီနေ့မှာတော့ ကမ္ဘာကြီးရဲ့အပြောင်းအလဲကို အစပြုစေခဲ့တဲ့ ကမ္ဘာ့ပထမဆုံး computer ကြီးအကြောင်းကို အကျဉ်းချုပ်လေးပြောပြပါမယ်။
ကမ္ဘာ့ ပထမဆုံးကွန်ပျူတာ (ENIAC) Electronic Numerical Integrator And Computer
ဒီနေ့ခေတ်မှာ ကျွန်တော်တို့ လက်ထဲက ဖုန်းတစ်လုံးဟာ ENIAC (Electronic Numerical Integrator And Computer) လို့ခေါ်တဲ့ ပထမဆုံး ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ထက် အဆပေါင်းများစွာ ပိုပြီးသာလွန်နေပါပြီ။ ဒီ smart phone မပေါ်ခင် ဟိုးလွန်ခဲ့တဲ့ 1946 ခုနှစ်တုန်းက စတင်မိတ်ဆက်ခဲ့တဲ့ ENIAC ဟာ ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့ ကြီးမားတဲ့ခြေလှမ်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။
ဘယ်လိုစတင်တီထွင်ခဲ့ကြတာလဲ?
တကယ်တော့ ENIAC ကိုစပြီးတီထွင်တဲ့အချိန်တုန်းက စစ်တပ်သုံးဖို့အတွက်ရည်ရွယ်ပြီး တီထွင်ခဲ့တာပါ။ ဒီကွန်ပျူတာကြီးကို John Muchly နဲ့ J. Presper Eckert ဆိုတဲ့ scientist နှစ်ယောက်က အမေရိကန်စစ်တပ်အတွက် Philadelphia မြို့ ၊ Pennsylvania တက္ကသိုလ်မှာ အမျိုးသမီး programmer 6 ယောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ ပူးပေါင်းပြီး တီထွင်ခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ အမြောက်ကျည်ဆန်တွေရဲ့ ပစ်မှတ်လမ်းကြောင်းကိုတွက်ချက်ဖို့အတွက် ရှုပ်ထွေးတဲ့ တွက်ချက်မှုတွေကို လူနဲ့တွက်ချက်နေရတာဟာ အချိန်ကြာပြီး အမှားများတဲ့ အလုပ်တစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့အတွက် electronic technology နဲ့ အလိုအလျောက် တွက်ချက်ပေးနိုင်တဲ့ စက်တစ်လုံးကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဘယ်လိုပုံစံရှိသလဲ?
1946 February 15 ရက်နေ့မှာ ပွဲထုတ်ပြခဲ့တဲ့ ENIAC ဟာ အလေးချိန် တန် ၃၀ (ပေါင် ၆၀၀၀၀) လောက်ရှိပါတယ်။ အဲ့ဒါက အိမ်စီးကား(ဥပမာ Honda Fit) အစီး ၃၀ ကျော်လောက်ရဲ့ အလေးချိန်နဲ့တူတူပါပဲ။ ပေ ၈၀ ရှည်လျားကာ၊ ၁၈၀၀ စတုရန်းပေ ကျယ်ဝန်းတဲ့ အခန်းတစ်ခုလုံးနီးပါးကို နေရာယူခဲ့ပါတယ်။အောက်ကပုံမှာပြထားတဲ့အတိုင်းပါပဲ။ Kilowatt 150 လောက် လျှပ်စစ်ဓာတ်အား သုံးစွဲခဲ့ပြီး vacuum tubes 17000 ကျော်၊ ခလုတ်ပေါင်း 7000 ကျော်နဲ့ မီတာ 5 သိန်းကျော်ရှိတဲ့ ဝါယာကြိုးတွေနဲ့ တည်ဆောက်ထားပါတယ်။ အဲ့ဒီခေတ်က စာအုပ်စာတမ်းတွေအရ ဒီစက်ကြီးကို ဖွင့်လိုက်တာနဲ့ Philadelphia မြို့ရဲ့ မီးတွေ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားတယ်လို့တောင် ပြောကြပါတယ်။

ENIAC ဟာ တစ်စက္ကန့်ကို ပေါင်းနှုတ်မြှောက်စားခြင်း ၅၀၀၀ လောက် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ လက်ရှိခေတ်စက်တွေနဲ့ယှဉ်ရင် ဘာမှမဟုတ်ပေမဲ့ အဲဒီခေတ်က လူသားတွေ တွက်ချက်နိုင်စွမ်းထက် အဆ ၁၀၀၀ ပိုမိုမြန်ဆန်ခဲ့ပါတယ်။ စစ်ပွဲတွက်ချက်မှုတွေအပြင် ရာသီဥတုခန့်မှန်းချက်တွေ၊ ဟိုက်ဒရိုဂျင်ဗုံးနဲ့ နျူကလီးယားစွမ်းအင်ဆိုင်ရာ တွက်ချက်မှုတွေမှာလည်း အသုံးပြုခဲ့ပါတယ်။

ENIAC ဟာ store လုပ်ထားတဲ့ programs တွေကို လုပ်ဆောင်နိုင်ခြင်းမရှိသေးဘဲ ဝါယာကြိုးတွေနဲ့ ခလုတ်တွေကို ပြန်လည်စီစဉ်ပြီး အလုပ်လုပ်ရတဲ့ စက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစက်ကြီးရဲ့ အောင်မြင်မှုဟာ ကွန်ပျူတာသိပ္ပံပညာရဲ့ အုတ်မြစ်ဖြစ်လာခဲ့ပါတယ်။ ENIAC ရဲ့ တီထွင်မှုကနေတစ်ဆင့် ပိုမိုသေးငယ်ပြီး အစွမ်းထက်တဲ့ computers တွေ ၊ နောက်ဆုံး ဒီနေ့ခေတ် smart phone နဲ့ Laptop တွေအထိ ဆက်တိုက်ဆိုသလို တိုးတက်ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။
Source : www.wired.com