Blue Screen of Death ဆိုတာ Microsoft Windows operating system ရဲ့ Error ပြသပေးတဲ့ screen ဖြစ်ပါတယ်။ Screen ပေါ်မှာ Windows operating system ရဲ့ System conflicts တွေနဲ့ ပြဿနာဖြစ်နိုင်ချေတွေကိုဖော်ပြပေးပါတယ်။ Blue screen လို့ခေါ်ရတဲ့အကြောင်းကတော့ အဲဒီလိုမျိုး Error တွေတက်လာတဲ့အခြေအနေမှာ Error message တွေကို အပြာရောင် Screen မျက်နှာပြင်နဲ့ ပြသပေးလို့ပဲဖြစ်ပါတယ်။ ပြီးတော့ Blue Screen ဆိုတာ Computer နဲ့ System ပျက်စီးတာတွေကို နောက်ထပ်တိုးပြီးမဖြစ်ပွားအောင် ကာကွယ်ဖို့ သတိပေးချက်တစ်ခုဖြစ်တဲ့အတွက် Blue screen တက်ပြီဆိုရင် Blue Screen က Windows ကိုလုံးဝဆက်သုံးလို့မရအောင် ရပ်တန့်လိုက်ပါတယ်။ ပြန်ပြီးဆက်သုံးမယ်ဆိုရင်တော့ Computer ကို Reboot ပြန်လုပ်ပေးရပါတယ်။
Blue Screen ဘာကြောင့်တက်ရတာလဲ?
Blue Screen တက်ရတဲ့အကြောင်းအရင်းတွေကတော့ –
(အဖြစ်အများဆုံးကနေ အနည်းဆုံးကိုစဉ်ထားပါတယ်)
၁။ Software ပိုင်း Error ဒါမှမဟုတ် Software ပိုင်းမကိုက်ညီမှု
(က) Driver – Computer မှာကိုယ်မောင်းလိုက်တဲ့ Driver က Computer ရဲ့ Hardware နဲ့ကိုက်ညီမှုမရှိရင် Blue Screen တက်နိုင်ပါတယ်။
(ခ) Virus – ကိုယ့်ရဲ့ Computer မှာ Virus ဝင်ထားမယ်ဆိုရင် အဲဒီ Virus က Windows Process တစ်ခုခု၊ Registry ဒါမှမဟုတ် System File တစ်ခုခုကို သွားပြီး အနှောင့်အယှက်ပေးနေမယ်ဆိုရင်လည်း Blue Screen တက်တတ်ပါတယ်။
(ဂ) Third-Party Software – Computer ထဲမှာ ကိုယ်အသစ်သွင်းလိုက်တဲ့ Software က Computer ရဲ့ စက်ပိုင်းဆိုင်ရာ ဒါမှမဟုတ် Driver Signature တွေနဲ့ ကိုက်ညီမှုမရှိခဲ့ရင်လည်း Blue Screen တက်နိုင်ပါတယ်။
၂။ Hardware ပိုင်း Error ဒါမှမဟုတ် Hardware ပိုင်းမကိုက်ညီမှု
Computer ရဲ့ Hardware ပိုင်းဖြစ်တဲ့အတွက် Hardware ပိုင်းအနေနဲ့ –
(က) RAM – ကိုယ့် Computer မှာစိုက်ထားတဲ့ RAM က ပျက်နေမယ်၊ RAM ကြေးသွားတွေက ချေးတက်နေမယ်၊ Slot လွတ်နေမယ်၊ ဒါမှမဟုတ် Motherboard ပေါ်က RAM Slot က ပျက်နေမယ်ဆိုရင် Blue Screen တက်နိုင်ပါတယ်။ RAM Error ဟုတ်မဟုတ်သိရဖို့အတွက် RAM လဲပြီး စမ်းကြည့်နိုင်ပါတယ်။ RAM ကြေးသွားတွေချေးတက်နေရင်တော့ ခဲဖျက်နဲ့တိုက်ပြီး သန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်။ အောက်ကပေးထားတဲ့ Link ထဲက Rebooter software နဲ့လည်း Computer ကို Restart လုပ်တဲ့အချိန် RAM loading ဆွဲနေတုန်း Blue Screen တက်၊ မတက် Automatic reboot လုပ်စေပြီးစမ်းလို့ရပါတယ်။
Link – https://www.passmark.com/downloads/rebooter.zip
Rebooter software settings – Maximum reboots: 20> Delay: 15> Auto load…> Start Cycle
(ခ) Hard disk drive – ကိုယ်သုံးနေတဲ့ Hard disk မှာ မကောင်းတဲ့အပိုင်း Bad sectors တွေရှိတဲ့အခါ အဲဒီ Bad sector အပေါ်မှာ Windows ရဲ့ System file တစ်ခုခု Write လုပ်မိရင် Blue Screen တက်တတ်ပါတယ်။ Hard disk ရဲ့ Health မကောင်းရင်လည်း Blue Screen တက်တတ်ပါတယ်။ အောက်ကပေးထားတဲ့ Link ထဲက HD Tune Pro Software ကို Download ဆွဲပြီး Bad sectors ကို Error scan ဖတ်နိုင်သလို Health မှာ Warning ရှိ၊ မရှိစစ်ဆေးနိုင်ပါတယ်။
Link – https://www.hdtune.com/download.html
(ဂ) Power supply unit – Power Supply က သူနဲ့တွဲဖက်ချိတ်ဆက်ထားတဲ့ Hardware တွေကိုပေးတဲ့ Voltage မလောက်တာ၊ Wattage မပြည့်တာ၊ တပ်ဆင်အသုံးပြုတဲ့ Hardware တွေက Power supply ရဲ့သတ်မှတ်ထားတဲ့ Wattage ကိုကျော်လွန်သွားတာတွေကြောင့် Blue Screen တက်တတ်ပါတယ်။
(ဃ) Motherboard – Motherboard ပေါ်က Sound controller, Network controller, USB Controller စတဲ့ Component တစ်ခုခုရဲ့ Error ကြောင့်လည်း Blue Screen တက်နိုင်ပါတယ်။ Motherboard ပေါ်မှာဆားပေါက်တာ၊ သံချေးကိုက်တာ၊ အစိုပြန်တာ၊ Circuit ပတ်လမ်းကြောင်းတွေမှာ ပြင်းထန်ခြစ်ရာရှိမရှိစစ်ဆေးရပါမယ်။ အဲတာတွေရှိနေရင် Warranty ရှိမယ်ဆိုရင်တောင် Warranty မရနိုင်တဲ့အတွက် အသစ်လှဲလှယ်ရတာမျိုးရှိပါတယ်။
(င) CPU – CPU က Computer ထဲမှာ Reliable အဖြစ်ဆုံး Hardware ဖြစ်တဲ့အတွက် CPU မကောင်းလို့ Blue Screen တက်တာက ရှားတော့ရှားပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ချေလည်းရှိပါတယ်။ CPU ကို Overclocking လုပ်တဲ့အချိန်တွေမှာဖြစ်တတ်လေ့ရှိပါတယ်။ ပြီးတော့ CPU အောက်ခြေက ကြေးသွားတွေချေးကပ်နေရင်လည်းဖြစ်နိုင်ပါတယ်။
(စ) Peripherals – Computer မှာချိတ်ဆက်အသုံးပြုနေတဲ့ ဆက်စပ်ပစ္စည်း Accessories တွေဖြစ်တဲ့ Memory Stick, External Hard Drive, Scanner, Printer စတာတွေမှာ Error ရှိရင်လည်း ဖြစ်တတ်ပါတယ်။
(ဆ) System Temperature – Computer ထဲက CPU နဲ့ GPU လိုမျိုး သက်ဆိုင်ရာ Component တွေကို အအေးပေးတဲ့ ပန်ကာ (Fan) တွေကကောင်းကောင်းအလုပ်မလုပ်ဘူး၊ ပြီးတော့ Fan အောက်က Heat sink နဲ့ CPU, GPU ကြားမှာရှိတဲ့ Thermal compound တွေကလည်း ခြောက်နေမယ်ဆိုရင် အပူစီးကူးနိုင်မှု မရှိတော့တဲ့အတွက် System Temperature တက်လာပြီး Blue Screen တက်တတ်ပါတယ်။
BSoD တက်တဲ့ Error က ဖြစ်နိုင်ချေတွေအများကြီးရှိတဲ့အတွက် ဘယ်အပိုင်းကနေ စတင်ပြီးစစ်ဆေးရမလဲ?
Computer မှာ မကြာခဏ Blue screen တက်နေပြီဆိုရင်တော့ စစ်ဆေးရမယ့်အပိုင်း အနေနဲ့ Software ပိုင်းနဲ့ Hardware ပိုင်းဆိုပြီး (၂) ပိုင်းရှိပါတယ်။
Blue Screen တက်နေတဲ့ Computer တစ်လုံးကို Software ပိုင်းကနေ ပထမဆုံးစပြီးစစ်ဆေးရပါမယ်။ Software ပိုင်းစစ်ဆေးပြီး အဆင်မပြေတော့မှပဲ Hardware ပိုင်းကိုပြောင်းပြီး စစ်ဆေးရပါမယ်။ Software ပိုင်းကို စပြီးစစ်ဆေးတဲ့အချိန် Software ပိုင်းနဲ့ပတ်သတ်ပြီး Error ကိစ္စတွေရှင်းအောင် Windows ကိုအသစ်ပြန်တင်ပြီးမှ ကျန်တဲ့ Hardware အစိတ်အပိုင်းတွေကို စစ်ဆေးရတာမျိုးရှိပါတယ်။
ကျွန်တော်ကိုယ်တိုင်ကတော့ Keyboard, Mouse တို့ မကောင်းလို့ Blue Screen မကြာခဏတက်တာ ကြုံဖူးပါတယ်။ လဲလိုက်မှ အဆင်ပြေသွားပါတယ်။ Hardware ကြောင့်ဖြစ်ပါက မဖြစ်မနေ သက်ဆိုင်ရာ အစိတ်အပိုင်းကို လဲကြရပါမယ်။
#jdbkx.com #နည်းပညာဆောင်းပါး #BSoD #BlueScreenofDeath #Online #Games #Myanmar #OnlineGamesMyanmar