Laptop တွေကို မထိခိုက်မပျက်စီးဘဲ အထာကျကျ အသုံးပြုနိုင်မဲ့ အချက်များ

Laptop တွေကို မထိခိုက်မပျက်စီးဘဲ အထာကျကျ အသုံးပြုနိုင်မဲ့ အချက်များ

👉Laptop မှာရှိနေတဲ့ ဘက်တီးရီးယားတွေ၊ ဖုန်တွေ အညစ်ကြေးတွေကို တော်ရုံမမြင်ရလို့ သန့်ရှင်းရေးလုပ်ဖို့ မလိုဘူးလို့ တော်တော်များများက ထင်နေတတ်ကြပါတယ်။ ဒါပေမဲ့ တကယ့်တကယ်ကျတော့ Laptopတွေကိုလည်း သေချာ ဂရုတစိုက် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ကိုယ်တွေ မမြင်ရပေမဲ့ ပိုးမွှားတွေ၊ ဖုန်တွေကတော့ ကျိန်းသေရှိနေမှာပဲလေ.. ဒါကို နေ့တိုင်း ထိတွေ့နေတဲ့အခါမှာ ကိုယ့်ကျန်းမာရေးအတွက်လည်း ဆိုးကျိုးတွေ အများကြီး ဖြစ်လာစေနိုင်ပါတယ်.. ဒါဆို ကိုယ့် ကျန်းမာရေးလည်း မထိခိုက်အောင်၊ Laptop လည်း မပျက်စီးအောင် ဘယ်လို ထိန်းသိမ်းကြမလဲ?

✅(၁) မတော်တဆမဖြစ်အောင် ကြိုတင်ကာကွယ်ပါ။
မတော်တဆဆိုလို့ အကြီးကြီးတွေ တွေးနေပြီလား? ကိုယ်တွေလုပ်နေကျ စားစရာသောက်စရာတွေကို Laptop ဘေးနားထားပြီးစားတာမျိုး၊ အိမ်မှာမွေးထားတဲ့ ကြောင်လေးတွေ၊ ခွေးလေးတွေက Laptop ပေါ် အိပ်တာမျိုး၊ Laptop နား ကပ်ချွဲနေတာမျိုး စသဖြင့်တွေက မတော်တဆဖြစ်စေနိုင်တဲ့ အကြောင်းရင်း အကြီးကြီးပါပဲ.. အထူးသဖြင့် သောက်စရာ ရေခွက်တွေ၊ အအေးခွက်တွေကို Laptop ဘေးနားထားတဲ့အခါ မတော်တဆ ဖိတ်စင်သွားတာမျိုးဖြစ်ရင် Laptop ကို အနည်းနဲ့ အများတော့ ထိခိုက်စေနိုင်တယ် မဟုတ်လား… မတော်တဆဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကို ရှောင်လိုက်မယ်ဆိုရင် Laptop မပျက်စီးအောင် တကူးတက ထိန်းသိမ်းနေစရာ မလိုတော့ဘူးပေါ့..

✅(၂) Laptop ကို မကြာခဏ သန့်ရှင်းရေးလုပ်ပေးပါ။
Laptop ကို သန့်ရှင်းရေးလုပ်ဆိုလို့ ဆပ်ပြာတွေနဲ့ဆေးပြီး နေလှမ်းတဲ့ ဗီဒီယိုကြီးပြေးမြင်မိလေမလား? ကျွန်တော်တို့ တော်တော်များများက Laptop ရဲ့ ဖန်သားပြင်လေး သန့်ရှင်းနေရင် အိုခေပြီလို့ ထင်တတ်ကြပါတယ်။ တကယ့်တကယ် သန့်ရှင်းရေးလုပ်ရမယ့် ကီးဘုတ်တွေ၊ လေဝင်ပေါက်တွေနဲ့ Speaker တွေကိုကျတော့ မေ့နေတတ်ကြပါတယ်။ အဲဒီနေရာတွေမှာမှ ဖုန်တွေ၊ အမှိုက်တွေ၊ ကြေးညှော်တွေက အများဆုံး ရှိနေတတ်တာပါ။ ဒါတွေက ကိုယ့်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်လေ..

✅(၃) Laptop ကို ကားထဲမှာမထားခဲ့ပါနဲ့
Laptop ကို ကားထဲလို အလုံပိတ်နေရာတွေမှာထားခဲ့တာက အန္တရာယ်အလွန်များပါတယ်နော်။ ကိုယ်တွေကတော့ မသိဘူးလေ.. ကားပေါ်က ဆင်းရင် Laptop ကြီးသယ်သွားရမှာ လေးတယ်ဆိုပြီး ပစ်ထည့်ထားခဲ့တာမျိုးက ခဏခဏလုပ်တတ်တာမျိုး၊ တကယ်တော့ နေပူထဲ ရပ်ထားခဲ့တဲ့ကား၊ အလုံပိတ်ကားတွေထဲမှာ Laptop တွေ ထားခဲ့မိရင် ကားထဲက အပူရှိန်တွေ၊ Pressure (ဖိအား) တွေက Laptop ကို ပျက်စီးစေပါတယ်နော်…ပြီးတော့ အိပ်ရာပေါ်မှာ ဒီအတိုင်းချပြီးတော့လည်း မသုံးပါနဲ့။ စားပွဲခုံပေါ်တင်ပြီး အသုံးပြုပါ၊ စားပွဲမရှိရင် စာအုပ်ထူထူ ၊ မာကျောတဲ့အရာဝတ္ထုတစ်ခုခုပေါ်ပဲ တင်ပြီး အသုံးပြုပါ။ ပေါင်ပေါ်တင်ပြီးအသုံးပြုတာကိုလည်း အတတ်နိုင်ဆုံး ရှောင်ရှားပါ။ Laptop ကထွက်တဲ့ အပူကြောင့် မျိုးအောင်မှု (ကလေးမရခြင်း) ကိုလည်း ကျဆင်းစေပါတယ်တဲ့။

✅(၄) Laptop ကို ပါဝါပိတ်ဖို့ မမေ့ပါနဲ့
Laptop နဲ့ ဇာတ်ကားကြည့်ရင်း အိပ်ပျော်သွားတဲ့ သူတွေလက်ထောင်ပါ။ Laptop ကို သုံးပြီးလို့ နေရာက ခဏထသွားရင်းဖြစ်ဖြစ်၊ တစ်ခုခုသွားလုပ်လိုက်ရင် ဖြစ်ဖြစ် Laptop က အလိုလို Sleep Mode on သွားတတ်ပါတယ်။ ကိုယ်ပြန်လာတဲ့အခါမှာ Laptop က ပိတ်နေသလိုလို ဆိုတော့ တော်တော်များများက သြော်ပိတ်ပြီးပြီပဲဆိုပြီး ကျော်သွားတတ်ပါတယ်။ အဲ.. နောက်တစ်ခါ အလုပ်လုပ်မယ်ဆိုတော့မှ ဟာ.. မပိတ်ထားရသေးပါလားဆိုပြီး ဖြစ်ရော.. တကယ်တမ်း Sleep Mode က Laptop ကို လုံးဝ အနားပေးထားတာ မဟုတ်တော့ Laptop ကို ပျက်စီးစေတာ ကျိန်းသေပါပဲ။ အဲ့တော့ Laptop ကို မသုံးတော့ဘူးဆိုရင် လုံးဝ ပိတ်ထားလိုက်ပါ။

✅(၅) Cleanup ပုံမှန်လုပ်ပါ။
ဘာမှလည်း မသုံးဘဲနဲ့ စက်ကြီးက လေးနေတယ်ဆိုတာမျိုး ဖြစ်ဖူးကြလား … ဒါကို ဘယ်လို ဖြေရှင်းရမလဲဆိုရင် windows ထဲက Search bar > Disk Cleanup > Clean up System files > Ok ရွေးပေးလိုက်ရင် လေးနေတဲ့ ယာယီဒေတာဖိုင်တွေပျက်သွားမှာပါနော်။ ပုံမှန် Data တွေ၊ Cache တွေ ရှင်းမယ်ဆိုရင်
Windows+R > Prefetch > Ctrl+A > Shift+Delete ,
Windows+R > Temp > Ctrl+A > Shift +Delete ,
Windows + R > %temp% > Ctrl+A > Shift + Delete,
Windows + R > Recent > Ctrl+A > Shift+Delete ဆိုတဲ့ အဆင့်ဆင့်နဲ့ Cache တွေကို ရှင်းပေးလို့ ရပါတယ်။ ဒီထဲက Prefetch, Temp, %temp% နဲ့ Recent ဆိုတာတွေကိုတော့ Box ထဲ ကိုယ့်ဘာသာ ရိုက်ထည့်ရမှာပေါ့နော်..

(နံပါတ် ၅-) အချက်ကတော့ Laptop တင်မဟုတ်ဘဲ Desktop ကွန်ပျူတာကိုလည်း Cleanup လုပ်လို့ရပါတယ်။

✅(၆) ဘက်ထရီကို တာရှည်ခံအောင် ထိန်းသိမ်းပါ။
Laptop ကို အချိန်အကြာကြီး အားသွင်းပြီး သုံးတာမျိုး၊ ကြိုးတပ်လျက် တန်းလန်းနဲ့ Laptop ကို သုံးနေတာမျိုးဆိုရင် ဘက်ထရီကို ထိခိုက်စေနိုင်ပါတယ်။ အားကုန်ခါနီးထိ သုံး၊ အားသွင်း၊ အားပြည့်ရင် ပြန်ဖြုတ်၊ အဲဒီလိုသုံးတာမျိုးက Laptop ရဲ့ ဘက်ထရီသက်တမ်းကို ပိုပြီး တာရှည်ခံစေပါတယ်။ ဒါပေမဲ့ မြန်မာပြည်ရဲ့ လျှပ်စစ်မီးအခြေအနေကြောင့် အားကုန်ခါနီးမှ အားသွင်းတာကလည်း သိပ်အဆင်ပြေစေမှာတော့ မဟုတ်ပါဘူး။ အားသွင်းခါနီးမှ မီးပြတ်သွားရင် အလုပ်နှောင့်နှေးရပြန်ရောမလား။

✅(၇) Antivirus Software တွေ ထည့်သွင်းထားပါ။
Laptop ရဲ့ အပြင်ဘက်က ပိုးမွှားတွေ ရှင်းပြီးရင် Laptop ရဲ့ Software တွေထဲ ဝင်လာနိုင်တဲ့ Virus တွေကိုလည်း ကာကွယ်ဖို့ လိုအပ်ပါသေးတယ်။ ဒီအတွက် အလွယ်ဆုံးနဲ့ အရှင်းဆုံး နည်းလမ်းကတော့ Antivirus Software တွေကို ထည့်ထားလိုက်တာပါပဲ။ Antivirus Software တွေ ထည့်သွင်းထားပြီးရင်တော့ ပုံမှန် Update လုပ်ပေးဖို့ မမေ့ပါနဲ့လို့ ။ တစ်ချို့က Antivirus Software ကို ၂-မျိုးထိ ထည့်ထားတတ်ကြတယ်။ Windows မှာ ပါလာပြီးသား Antivirus Software နဲ့ အခြားနာမည်ကြီး Antivirus Software တွေဖြစ်တဲ့ Kaspersky, Avast, Bitdefender စသည်တို့ တွဲသုံးတာမျိုးက ပြဿနာမရှိပေမဲ့ Kaspersky နဲ့ Avast တွဲသုံးတာမျိုးဆိုရင်တော့ Laptop, Desktop ဟာ ပုံမှန်ထက် လေးနေမှာ အသေအချာပါပဲ။ ကိုယ့်ရဲ့ Latop က မော်ဒယ်အနိမ့်ဆိုရင်တော့ Windows မှာပါလာပြီးသား Antivirus Software တစ်မျိုးထဲကိုပဲ အသုံးပြုပါ။
Kaspersky ဟာ ကမ္ဘာ့နာမည်ကြီး Antivirus Software ဖြစ်ပေမဲ့ သင့် Laptop, Desktop က မော်ဒယ်အနိမ့်ဆိုရင် အသုံးပြုရတာ ပိုပြီး လေးနေပါလိမ့်မယ်။

✅(၈) အသုံးမလိုတဲ့ Software တွေ ထည့်သွင်းထားခြင်းမလုပ်ပါနဲ့။
ဥပမာ – သင်က စာစီ/ စာရိုက်လုပ်မယ် ၊ သီချင်းနားထောင် ၊ ဗီဒီယိုကြည့်မယ်၊ ကိုယ့်ရဲ့အမှတ်တရ ဓာတ်ပုံလေးတွေ သိမ်းထားမယ် စသည်ဖြင့် ပုံမှန်ပေါ့ပေါ့ပါးပါလေးပဲ အသုံးပြုတဲ့သူဆိုရင် အသုံးမလိုတဲ့ Adobe Photoshop, Adobe Premiere Pro, AutoCAD Software တွေ မထည့်ထားပါနဲ့။ ဆိုင်က ထည့်ပေးလိုက်တယ်ဆိုရင်တောင် ပြန်ပြီး Uninstall လုပ်လိုက်ပါ။ ကွန်ပျူတာရဲ့ Storage အသုံးပြုမှုပိုများနေပြီး နောက်ကွယ်က Run နေတဲ့ task တစ်ချို့ကြောင့် သင့် Laptop, Desktop က လေးနေပါလိမ့်မယ်။

Source : Asus.com

#jdbkx.com #နည်းပညာဆောင်းပါး #Laptopကိုအထာကျကျသုံးမယ် #Kaspersky #Avast #Bitdefender #Software #Online #Games #Myanmar #OnlineGamesMyanmar

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *