Database ဆိုတာ Data (သို့) အချက်အလက်တွေကို စုစည်းထားတဲ့ နေရာလို့ အခြေခံအားဖြင့် ပြောလို့ရပါတယ်။ Database Management System (DBMS) ဆိုတာက Data (သို့) အချက်အလက်တွေ ထိန်းသိမ်းပေးနိုင်တဲ့ ကွန်ပျူတာ စနစ် (software system) တစ်ခုပါ။
ဒီစနစ်မှာ Data (သို့) အချက်အလက်တွေကို
(( Create / Store )) သိမ်းထားပေးနိုင်တယ်။
(( Retrieve / Search )) သိမ်းထားတဲ့ အထဲက လိုအပ်တဲ့ Data တွေကို အချိန်မရွေးပြန်ကြည့်နိုင်တယ်။
(( Edit / Update )) လိုအပ်ရင် ပြင်လို့ရတယ်။
(( Delete / Remove )) မလိုတော့ရင်လဲ ဖျက်ပစ်လို့ရတယ်။
Data Security
ဒါတွေအပြင် စုစည်းထာတဲ့ Data တွေကို လုံခြုံအောင် စနစ်တကျထားမယ်။
Data integrity
သိမ်းဆည်းမဲ့ Data ထဲမှာ မသင့်လျော်တဲ့ Data မျိုးဆိုရင်လက်မခံ ပဲ မှန်ကန်တဲ့ Data တွေကိုပဲသိမ်းထားမယ် စတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။
ပုံမှန်အားဖြင့် DBMS တွေဟာ Data ပမာဏ အများအပြားကို လူအများက တပြိုင်နက်ထဲ သုံးနေရင်တောင် လျင်မြန်သွက်လက်စွာ ကိုင်တွယ် လုပ်ဆောင်နိုင်ပါတယ်။
ဒီနေရာမှာ မေးခွန်းက ကျွန်တော်တို့က Data တွေကိုသိမ်းမယ်ဆိုရင် DBMS ကို အမြဲတမ်းသုံးရမှာလား၊ ဒါမှမဟုတ် တခြားနေရာတွေမှာ သိမ်းလို့မရတော့ဘူးလား ဆိုတာ ဖြစ်ပါတယ်။
အဲဒီလိုတော့ မဟုတ်ပါဘူး။
ရှေ့မှာပြောခဲ့သလိုပါပဲ Data တွေကို ဘယ်လိုထားမယ် ဘယ်နေရာမှာ ထားမယ်၊ စတာတွေကတော့ ကိုယ့်ရဲ့ လိုအပ်ချက် ပေါ်မူတည်ပါတယ်။
ကျွန်တော်တို့က Data တွေကို သာမန် file တစ်ခုနဲ့ သိမ်းထားမယ်။
ဥပမာ Data တွေကို excel မှာ သိမ်းထားမယ်ဆိုပါစို့။
DBMS မှာလုပ်နိုင်တယ်ဆိုတဲ့ အချက်အလက်တွေဖြစ်တဲ့
– သိမ်းဆည်းတာ (create/store) ၊
– ပြန်ကြည့်တာ (retrieve/search) ၊
– ပြင်တာ (edit/update) ၊
– ဖျက်တာ (delete/remove) ဒါတွေတော့ အကုန်လုပ်လို့ ရပါတယ် ။
သို့သော်လည်း
– ထည့်သွင်း သိမ်းဆည်းမဲ့ Data တွေဟာ မှန်လား၊ (data integriy) အတွက် သင့်တော်မှု ရှိရဲ့လား၊ ၊
– Data တွေ ရဲ့လုံခြုံရေး (data security) ၊
– Data တွေကို ဘယ်သူကတော့ ပြင်လို့ရမယ် (modify access) ၊
– ဘယ်သူကတော့ ဖြင့် ဖတ်လို့ပဲရမယ် (read only access) စသဖြင့် သတ်မှတ်နိုင်တဲ့ (access control) တွေ၊
နောက်တစ်ခုက ပုံမှန်ဆိုရင် ကျွန်တော်တို့ က Data တွေကို သိမ်းဆည်းတဲ့အခါမှာ အကြောင်းအရာ တစ်ခုကို တစ်ခါပဲ သိမ်းမယ်။
ဥပမာ။ ။
ကျောင်းတစ်ကျောင်းမှာ ကျောင်းသားတစ်ယောက် ကိုစာရင်းမှတ်ရင် တစ်ခါပဲ မှတ်သလိုမျိုး ၊ ကျောင်းသားတစ်ယောက်ကို နှစ်ခါ စာရင်းသွင်းမိရင် မလိုအပ်တဲ့ အချက်အလက် ( redundant data ) တွေ မဖြစ်အောင် DBMS က ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒီလို လုပ်ဆောင်ချက်တွေကို တော့ DBMS တွေမှာမှ အဆင်ပြေပြေ သုံးနိုင်မှာပါ။
နောက် ဥပမာ တစ်ခုလောက်ထပ် စဉ်းစားကြည့်ရအောင်။
Company တစ်ခုမှာ ဝန်ထမ်းတွေရဲ့ အချက်အလက်တွေ (နေရပ်လိပ်စာ ၊ ပညာအရည်အချင်း ၊ …) ကို HR ဌာနကနေပြီး တော့ excel မှာ မှတ်ထားတယ် ဆိုပါစို့ ။
မှတ်ပြီးသွားရင် လုပ်ငန်းလိုအပ်ချက်အရ HR ကနေ ဝန်ထမ်းတွေရဲ့ အချက်အလက်တွေ ပါတဲ့ file ကို လိုအပ်တဲ့ ဌာန အသီးသီးကို copy လုပ်ပြီးပေးလိုက်မယ်။
Engineering ဌာနကဝန်ထမ်းတွေရဲ့ အချက်အလက်တွေကို Engineering ဌာနကို ပို့ပေးလိုက်မယ်။ အုပ်ချုပ်ရေး ဌာနကိုလဲ ပို့ပေးမယ်၊ လုံခြုံရေးဌာနကိုလဲပေးမယ် ။
နောက်မကြာခင် Engineer တစ်ယောက်က အိမ်ပြောင်းသွားရင် လိပ်စာကို သူဌာနက file မှာပဲ ပြင်လိုက်မယ်ဆိုရင် တခြား ဌာနတွေမှာ ရှိတဲ့ သူ့လိပ်စာဟာ မှားနေမှာပါ။
ဒါက ဥပမာ ပြောတာပါ ။
အရေးကြီးတဲ့ အချက်အလက် (bank account no…) လိုမျိုး update မလုပ်မိလို့ ဆိုရင် ဖြစ်လာမဲ့ အကျိုးသက်ရောက်မှုတွေက ပိုများပါတယ်။
တကယ်လို့ မှားတဲ့ Data တွေက Company ရဲ့ Business နဲ့ ပတ်သတ်တဲ့ Data တွေဆိုရင် Company ရဲ့ Business ပါ ထိခိုက်နိုင်ပါတယ်။
ကျွန်တော်တို့က DBMS တစ်ခုသုံးပြီး ဝန်ထမ်းတွေရဲ့ အချက်အလက်တွေကို သိမ်းထားမယ် ဆိုရင် အချက်အလက်တွေအားလုံးကို တစ်ခါပြင်ရုံနဲ့ လုံလောက်ပါတယ်။
ခုန ဝန်ထမ်း လိပ်စာလိုမျိုး ၊ ဘဏ်အကောင့် လိုမျိုးဆိုရင် တစ်ခါပြင်ရုံနဲ့ ဌာနအသီးသီးက ပြင်ပီးသား အချက်အလက်ကိုတွေ့ရမှာပါ။
MS Excel လိုမျိုး file ကိုပဲ လူအများကြီးက သုံးမယ်ဆိုလည်း ရတာပဲ။
ဒါပေမဲ့ excel ၁ ဖိုင် ထဲကို လူအများကြီးက တပြိုင်နက်တည်း ဝိုင်းသုံးမယ်ဆိုရင် data တစ်ခုထဲကို ပဲလူအများကဝိုင်းပြင်တာမျိုး စသဖြင့် ပြဿနာတွေအများကြီးရှိပါတယ်။
နောက်ပြီး excel လိုတော်တော်ကောင်းတဲ့ software system မှာတောင် limitation တွေ အများကြီးရှိပါတယ်။
ဥပမာ 1,048,576 rows, 32,767 total number of characters that a cell can contain, as of office 2007 စတဲ့ ကန့်သတ်ချက်မျိုးတွေ ဖြစ်ပါတယ်။
DBMS စနစ်မှာလည်း အားသာချက် ၊ အားနည်းချက်တွေ ရှိပါတယ်။
အောက်မှာ အားသာချက်၊ အားနည်းချက် အချို့ကို ပြောထားပါတယ်။
အားသာချက်များ
(၁) အချက်အလက် လုံခြုံရေး (Data Security) – အချက်အလက်တွေ အားလုံးကို DBMS မှာ သိမ်းထားမှာဖြစ်တဲ့ အတွက် အသုံးပြုခွင့်ရှိတဲ့လူကပဲ သုံးနိုင်မှာပါ။
(၂) အချက်အလက် မှန်ကန်မှု (Data Integrity) – မှန်ကန် ပြည့်စုံတဲ့ အချက်အလက်တွေကို ပဲလက်ခံ သိမ်းဆည်းပေးပါတယ် (ဥပမာ – ဝန်ထမ်းတိုင်းမှာ မှတ်ပုံတင် နံပါတ် ရှိရမယ်လို့ သတ်မှတ်ထားရင် ၊ မှတ်ပုံတင်နံပါတ်မပါတဲ့ ဝန်ထမ်းရဲ့ အချက်အလက်ကို ထည့်သွင်းသိမ်းဆည်းလို့ မရပါဘူး)
(၃) မလိုအပ်တဲ့ အချက်အလက်များ (Redundant Data) – မလိုအပ်ဘဲ အပိုအချက်အလက်တွေ ထည့်သွင်းလို့ မရအောင် လည်း ကန့်သတ်ပေးနိုင်ပါတယ် (ဥပမာ – မှတ်ပုံတင် နံပါတ်တစ်ခုဟာ ဝန်ထမ်းတစ်ယောက်ထက်ပိုပြီး ကိုယ်စားပြုလို့မရတာမျိုး)
(၃) အချက်အလက် ထိန်းသိမ်းခြင်း (Data Administration) – အချက်အလက်တွေအားလုံးကို တစ်စုတစ်စည်းထဲ သိမ်းထားတဲ့ အတွက် ထိန်းသိမ်းဖို့လွယ်ကူပါတယ်။
(၄) တပြိုင်နက်ထဲ သုံးစွဲနိုင်ခြင်း (Concurrency) – အချက်အလက်တွေကို သုံးစွဲသူ (user) တွေက တပြိုင်နက်ထဲသုံးနေလို့ ရပါတယ်။
(၅) အချက်အလက် မျှဝေခြင်း (Data sharing) – သုံးစွဲသူ (user) တွေက အချက်အလက်တွေကို မျှဝေသုံးစွဲနိုင်ပါတယ် (ပေါ်မှာ ပြောခဲ့တဲ့ ဝန်ထမ်း နေရပ်လိပ်စာလိုမျိုး)
(၆) အချက်အလက် ပုံစံ သတ်မှတ်ချက် (Data standards) – လူအများကြီးက သုံးစွဲပေမဲ့ အချက်အလက်တွေက တနေရာထဲမှာ သိမ်းထားတဲ့ အတွက် အချက်အလက် ပုံစံ သတ်မှတ် ဖို့လွယ်ကူပါတယ် (ဥပမာ – အမည်ဆိုရင် မောင်မောင် (ဦး) လို့ သတ်မှတ်မလား (သို့) ဦးမောင်မောင် လို့ သတ်မှတ်မလား ဆိုတာမျိုးပါ) ။
(၇) အချက်အလက်များ ပြန်လည်ရယူခြင်း (Data recovery) – ကွန်ပျူတာ software ပိုင်းပြဿနာကြောင့် ဖြစ်ဖြစ် hardware ပိုင်းပြဿနာ ကြောင့်ဖြစ်ဖြစ် သိမ်းဆည်းထားတဲ့ အချက်အလက်တွေ ပျက်ဆီးသွားရင် ပြန်လည်ရယူနိုင်တဲ့ backup and recovery လုပ်ဆောင်ချက် ပါဝင်ပါတယ် ၊ ပြဿနာဖြစ်ခဲ့ရင်တောင် အချက်အလက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။
အားနည်းချက်များ
(၁) ခက်ခဲရှုပ်ထွေးမှု (Complexity) – DBMS တွေဟာ ပြည့်စုံကောင်းမွန်အောင် တည်ဆောက်ထားတဲ့အတွက် အချို့လုပ်ဆောင်ချက်များဟာ ခက်ခဲ ရှုပ်ထွေးပါတယ်။
(၂) ငွေကြေးကုန်ကျမှု
– Software and Hardware Cost – ကောင်းမွန်တဲ့ DBMS တစ်ခုကို အကောင်အထည်ဖော် သုံးစွဲမယ်ဆိုရင် အတိုင်းအတာ တစ်ခု အထိ ငွေကြေးကုန်ကျမှာပါ (DBMS license ဝယ်ရတဲ့ ငွေကြေး ၊ DBMS install လုပ်မဲ့ ကွန်ပျူတာ)
– Cost of Conversion – လက်ရှိသုံးစွဲနေတဲ့ စနစ်ကနေ DBMS ကိုပြောင်းလဲ သုံးစွဲတဲ့ အတွက် ကုန်ကျမယ့်ငွေကြေး ၊ ဒီမှာ ဝန်ထမ်းတွေကို training ပေးရမဲ့ ကုန်ကျစားရိတ်တွေ ၊ DBMS ကျွမ်းကျင်သူတွေကို ခန့်ထားရမဲ့ စားရိတ်တွေပါဝင်ပါတယ် ၊ ဒီကုန်ကျစားရိတ်က တခါတရံ (Software and Hardware cost) ထက်တောင်ပိုများပါတယ်။
(၃) ပျက်ဆီးဆုံးရှုံးမှု (impact of failure) – DBMS ကို သုံးစွဲတဲ့ အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ပြဿနာတွေ မှားယွင်းမှုတွေ ဖြစ်လာရင် ဘာတွေလုပ်မလဲ ဘယ်လိုလုပ်မလဲ ဆိုတဲ့ (backup and recovery plan) ရှိဖို့သိပ်အရေးကြီးပါတယ်။ ဒါကို သေချာမလုပ်ထားရင် ပြဿနာ ဖြစ်လာတဲ့ အခါမှာ အချက်အလက်တွေအားလုံး ကတစ်နေရာထဲမှာ ရှိတဲ့အတွက် ဆုံးရှုံးမှု ပမာဏ ၊ ဆုံးရှုံးမှုအတွက် အကျိုးဆက် ကအများကြီးဖြစ်သွားနိုင်ပါတယ်။
အပေါ်မှာပြောထားတွေကို ပြန်ကြည့်မယ် ဆိုရင် DBMS ဟာ software system တစ်ခုပါ ။ Data တွေ စနစ်တကျ ထိန်းသိမ်းဖို့ အတွက်သုံးပါတယ်။ သူ့မှာ ကောင်းတဲ့ အချက်တွေရှိသလို ၊ မကောင်းတဲ့ အားနည်းချက်တွေလဲ ရှိပါတယ်။ DBMS တစ်ခုကို သုံးတော့မယ်ဆိုရင် တကယ်လိုအပ်လားဆိုတာ သေချာ သုံးသပ်စေချင်ပါတယ်။ အောက်မှာ စဉ်းစား သင့်တဲ့ အချက်အချို့ကို ပြောထားပါတယ်။
– အချက်အလက် တွေကို လူအများကြီးက တပြိုင်နက်ထဲ သုံးဖို့လိုလား?
– သိမ်းဆည်းမဲ့ အချက်အလက်တွေက ဘယ်လောက်ရှုပ်ထွေးလဲ?
– အချက်အလက် ပမာဏ သိပ်များလား?
– လုံခြုံရေးကောင်းဖို့လိုလား?
အောက်မှာ ရေးထားတဲ့ DBMS တွေက လက်ရှိ အသုံးများတဲ့ DBMS တွေပါ။
– Microsoft SQL Server
– Oracle
– MySQL
– Microsoft Office Access
– PostgreSQL
– DB2
– Sybase
Source : SQL Myanmar
#jdbkx.com #Article #ဆောင်းပါး #DatabaseManagementSystem #Online #Games #Myanmar #OnlineGamesMyanmar